Jul 13, 2013

ကျည်ကာကားဝယ်ယူရန် ကျပ်သန်းနှစ်သောင်းနီးပါး အစိုးရ အသုံးပြုမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စီမံကိန်းပါ အချက်အလက်များနှင့် အသုံးစရိတ် တင်ပြမှုများ မတိကျဟု ဝေဖန်ခံနေရသည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု အစိုးရအမျိုးသား စီမံကိန်းမူကြမ်းတွင် ကျည်ကာယာဉ် ၁၇၂ စီး ဝယ်ယူရန် ငွေကျပ်သန်းပေါင်း နှစ်သောင်းနီးပါး အသုံးပြုသွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
ယင်းကျည်ကာ ယာဉ်များကို ပြည်ထောင်စုအစိုးရ အဖွဲ့ အသုံးပြုရန် ဝယ်ယူရခြင်းဖြစ်ပြီး ကျပ် ၁၈၄၇၀ ဒသမ ၅၀၄သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ တင်ပြချက် အရသိရသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် မြန်မာနိုင်ငံတွင် ဒေသတွင်း အာဆီယံ အစည်းအဝေးများ ပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံတကာခေါင်းဆောင်များ လာရောက်လျှင် လုံခြုံရေးအတွက် ကျည်ကာယာဉ်များ လိုအပ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

အစိုး၏ ကျည်ကာယာဉ်ဝယ်ယူမည့် အစီအစဉ်မှာ အသုံးစရိတ်များသဖြင့် ထက်ဝက်ခန့် လျှော့ချသင့်ကြောင်း ဒိုက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ပြည်ထောင်စု လွှတ်တော်တွင် တိုက်တွန်းပြောကြားသည်။
"ထမင်းတစ်နပ် လျှော့စားဖို့ ပြည်သူတွေ လမ်းညွှန်ခံနေရတဲ့ အချိန်မှာ ကျည်ကာကား အသုံးစရိတ်ကို လျှော့သင့်တယ်"ဟု ဦးမင်းဆွေက ဆိုသည်။

အရှေ့အလယ်ပိုင်း နိုင်ငံများကဲ့သို့ ပြည်တွင်းလုံခြုံရေး မစိုးရိမ်ရသည့် မြန်မာနိုင်ငံ တွင် ကျည်ကာယာဉ်များ ဝယ်ယူရေး ထက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပိုမို သုံးစွဲသင့်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက မှတ်ချက်ပြုသည်။

ပြည်ထောင်စုအစိုးရ ဝယ်ယူမည့် ကျည်ကာယာဉ်များမှာ တာရိုတာကမ်ဘရီ ၂၀၁၂မော်ဒယ်လ် အစီး ၅၀၊ မာစီဒီး ငါးစီး၊ မာစီဒီးပူးမား ၂၀၀၂ နှင့် ၂၀၁၂မော်ဒယ်လ်နှစ်စီး၊ မာစီးဒီး ၃၅၀ မော်ဒယ်လ်အစီး ၄၀ နှင့် အော်ဒီ AG ၂၀၁၃ မော်ဒယ်လ်အစီး ၃၀ တို့ဖြစ်ကြောင်း အမျိုးသားစီမံကိန်း (မူကြမ်း)တွင် ဖော်ပြထားသည်။
Written by 
Ref & Credit  => thevoicemyanmar

No comments:

Post a Comment

Followers