Jul 13, 2013

ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်က တစ်ဦးလျှင် ရှယ်ယာ သိန်းတစ်သောင်းဖိုးအထိ ရောင်းချမည်

ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်အား အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့ စည်းပြီးဖြစ်ကာ တစ်ဦးလျှင် ရှယ်ယာသိန်းတစ်သောင်းဖိုးအထိ ရောင်းချမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ရှယ်ယာများအား တစ်ဦးတည်းက လက်ဝါးကြီးအုပ်ခြင်းမျိုး မဖြစ်စေရန် အများဆန္ဒနှင့်ကိုက်ညီစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်၏ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ “အစုရှယ်ယာက တစ်စုကို တစ်သောင်းနဲ့ရောင်းမှာပါ။ တစ်ယောက်ကိုဖြစ်စေ၊ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုကိုဖြစ်စေ တန်ဖိုးအနေနဲ့ သိန်းတစ်သောင်းဖိုးအထိ ရောင်းပါမယ်။ အကယ်၍ သိန်းနှစ်သောင်းဖိုးဝယ်ချင်ရင် ကုမ္ပဏီနှစ်ခု၊ လူပုဂ္ဂိုလ်နှစ်ဦးဝယ်ပေါ့။ သုံးသောင်းဖိုးဝယ်ချင်ရင် လူပုဂ္ဂိုလ်သုံးဦးဝယ်ပေါ့။ ကန့်သတ်ချက်မထားပါဘူး။ အများပြည်သူတွေကြိုက်သလောက် ပါဝင်နိုင်ပါတယ်။ တံခါးဖွင့်ထားပါတယ်” ဟု ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူကမီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားသည်။ Authorized Capital ကို အစုရှယ်ယာပေါင်း ၁ ဘီလီယံထားရှိကြောင်း သိရသည်။
လက်ရှိအများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် လုပ်ဆောင်ရန်ရှိသည်များကို ၃ လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းနောက်ပိုင်းတွင် ရှယ်ယာများကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရှယ်ယာထည့်ဝင်မှု ပမာဏအနည်းဆုံး သိန်းသုံးထောင်ရှိသူအနေဖြင့် BOD Member ဖြစ်ခွင့်ရမည်ဖြစ်ကြောင်း၊ BOD Member များကို မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။ ရှယ်ယာဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဘဏ္ဍာရေးအစီရင်ခံစံနှုန်းများအတိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ “အခုလက်ရှိအနေအထားမှာတော့ နိုင်ငံတော်ပိုင်းကပိုင်တာ၊ အမ်ပီတီပိုင်းကပိုင်တာ ၅၁ ရာခိုင်နှုန်း ရှိပါတယ်။ အများပြည်သူပိုင်တဲ့ ကုမ္ပဏီတွေပိုင်တဲ့ ရှယ်ယာက ၄၉ ရာခိုင်နှုန်းရှိပါတယ်။ အခုရှယ်ယာကို သတ်မှတ်ချက်က ၅၁ ဆိုပေမယ့် ကျွန်တော်တို့အများပိုင် မလုပ်ခင်မှာ နိုင်ငံတော်က ထည့်ထားတဲ့ရှယ်ယာပါ။ အများပိုင်ပြောင်းသွားလို့ ကျွန်တော်တို့တယ်လီကွန်းအော်ပရေတာပိုင်းက လုပ်ငန်းကြီးကိုရလို့ အော်ပရေတာလုပ်ဖို့အတွက် လိုအပ်တဲ့အရင်းအနှီး ဒေါ်လာသန်းငါးရာအထက် ရှိပါတယ်။ ဒါကြောင့် ၅၁ ရာခိုင်နှုန်းက နောင်ကျရင်ပုဂ္ဂလိကရှယ်ယာတွေလာရင် လျှော့နည်းသွားမယ်။ နိုင်ငံတော်ပိုင်းက ငါးရာခိုင်နှုန်းထက်မပိုတဲ့ ရာခိုင်နှုန်းကိုပဲ MPT ကယူထားပါမယ်” ဟု တာဝန်ရှိသူက ရှင်းပြသည်။ ကျန်ရှယ်ယာများအား လက်ရှိဒါရိုက်တာများ၊ နောက်ထပ်ဝင်လာမည့် ပုဂ္ဂလိကရှယ်ယာများ၏ ပိုင်ဆိုင်မှုဖြစ်မည်ဟု တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
ထွန်းထွန်း ရန်ကုန်၊ ဇွန် ၈

- See more at: http://www.myanmarinternetjournal.com/content/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%B6%E1%80%AF%E1%80%90%E1%80%9A%E1%80%B9%E1%80%9C%E1%80%AE%E1%80%95%E1%80%AD%E1%80%AF%E1%82%94%E1%80%80%E1%80%AF%E1%80%99%E1%81%B8%E1%80%8F%E1%80%AE%E1%80%9C%E1%80%AE%E1%80%99%E1%80%AD%E1%80%90%E1%80%80%E1%80%B9%E1%80%80-%E1%80%90%E1%80%85%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%80%9C%E1%80%BD%E1%80%BA%E1%80%84%E1%80%B9-%E1%80%9B%E1%80%BD%E1%80%9A%E1%80%B9%E1%80%9A%E1%80%AC-%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1%80%85%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%91%E1%80%AD-%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%8A%E1%80%B9#sthash.nVw9X4cP.dpuf

No comments:

Post a Comment

Followers